အမေရိကန်နိုင်ငံဟာ မဟာဗျူဟာကျတဲ့ ရေနံကို တက္ကဆက်နဲ့ လူဝီစီးယားနားပြည်နယ်တွေက ဆားလိုဏ်ဂူတွေအောက်မှာ သိုလှောင်ထားတာဟာ စည်သန်းပေါင်း ၆၄၀ ကျော်မက ရှိပါတယ်။ ခုလို မဟာဗျူဟာရေနံသိုက်တွေ အမေရိကန်နိုင်ငံ သိုလှောင်ထားလာတာဟာ ၁၉၇၀ ခုနှစ်တွေက စတင်ပါတယ်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ အဖွဲ့ဝင်နိုင်ငံတိုင်းဟာ ရက် ၉၀ စာ ရေနံတင်သွင်းမှု ပမာဏနဲ့ ညီမျှတဲ့ ရေနံကို လက်ဝယ်အရံထားကြပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ သိုလှောင်မှုကတော့ ကမ္ဘာ့ပေါ်မှာ အကြီးဆုံး အရေးပေါ် သိုလှောင်မှုပဲ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံရေးသမားတွေဟာ ခုလို အရေးပေါ် ရေနံသိုလှောင်ဖို့ ၁၉၇၀ ခုနှစ် အစောပိုင်းတွေမှာ စတင်အိုင်ဒီယာထုတ် ဖော်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရေနံကုန်သွယ်မှုကို ပိတ်ပင်လိုက်တာကနေ အစပျိုိးလာတဲ့ အမေရိကန်ရဲ့ ရေနံမဟာဗျူဟာကြောင့်ပါ။ အဲဒီလို ရေနံကုန်သွယ်မှုကို အရှေ့အလယ်ပိုင်းနိုင်ငံတွေ ပိတ်ပင်တာကြောင့် ကမ္ဘာတစ်ဝန်း ရေနံစျေးတွေ မိုးထိုးသွားခဲ့ပါတယ်။

အီရတ်၊ ကူဝိတ်၊ ကာတာနဲ့ ဆော်ဒီအာရေဗျတို့ ပါ၀င်တဲ့ အာရပ်ရေနံတင်ပို့သည့်နိုင်ငံများ အဖွဲ့ OAPEC က အမေရိကန်ဆီ ရေနံတင်ပို့မှုကို ငြင်းဆန်လိုက်တာက စပါတယ်။ အာရပ်-အစ္စရေးစစ်ပွဲမှာ အစ္စရေးဖက်က အမေရိကန်က ထောက်ပံ့တာကြောင့်ပါ။

၁၉၇၃ အောက်တိုဘာမှာ ဖြစ်ပွားတဲ့ အဲဒီ အာရပ်-အစ္စရေး စစ်ပွဲကတော့ သီတင်းသုံးပတ်ပဲ ကြာပေမယ့် အခြားကမ္ဘာ့နိုင်ငံတွေဆီ ရေနံတင်ပို့မှုကို အရှေ့အလယ်ပိုင်း နိုင်ငံတွေ ပိတ်ပင်ခဲ့တာက ၁၉၇၄ မတ်လတိုင်အောင်ပါပဲ။ ဒီအတွက် ကမ္ဘာတစ်လွှားမှာ ရေနံစျေးဟာ လေးဆအထိ ထိုးတက်သွားပြီး တစ်စည်ကို အမေရိကန်ဒေါ်လာ သုံးဒေါ်လာ တက်ကာ ၁၂ ဒေါ်လာစျေးနားထိ စျေးတက်သွားခဲ့ပါတယ်။

 

ထိခိုက်မှု ရှိတဲ့နိုင်ငံတွေမှာ ဓာတ်ဆီဆိုင်တွေမှာ ကားတန်းကြီး စောင့်ဆိုင်းနေတဲ့ ပုံရိပ်တွေဟာ ပဋိပက္ခအကျပ်အတည်းရဲ့ သရုပ်မှန်ကို ထင်ဟပ်နေပါတယ်။
ဒီအတွက် အမေရိကန် ကွန်ဂရက်ဟာ ၁၉၇၅ မှာ အရေးပေါ် မူဝါဒနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအက်ဥပဒေကို ပြဌာန်းလိုက်ပါတယ်။ ဒီ ဥပဒေအရ မဟာဗျူဟာ ရေနံသိုလှောက်သိုက်တွေ ထားရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ခုလက်ရှိခေတ်မှာ အမေရိကန်နိုင်ငံမှာ ရေနံသိုလှောင်ထားရာ နေရာလေးနေရာ ရှိပါတယ်။ တက္ကဆက်ပြည်နယ်မှာ Freeport၊ Winnie နဲ့ လူဝီစီးယားနားပြည်နယ်က Lake Charles နဲ့ Baton Rouge နေရာတွေပဲ ဖြစ်ပါတယ်။

အဲဒီ ရေနံသိုက်တွေဟာ မြေအောက် ပေ ၃၃၀၀ မှာ လူလုပ် ဆားလိုဏ်ဂူတွေ ဖောက်လုပ်ထားပြီး ရေနံတွေကို သိုလှောင်ထားတာပဲ ဖြစ်ပါတယ်။
ဒီလို မြေအောက် ဆားလိုဏ်ဂူဖောက်ပြီး သိုလှောင်ထားတာဟာ မြေပေါ်မှာ တိုင်ကီတွေနဲ့ သိုလှောင်တာထက် ပိုပြီး စရိတ်စကနည်းသလို ပိုလို့လည်း ဘေးကင်းလုံခြုံပါတယ်။ ဓာတုဗေဒ တုံ့ပြန်မှုနဲ့ ဘူမိဖိအားဖွဲ့စည်းမှုအရလည်း ဆားလိုဏ်ဂူတွေထဲ ရေနံတွေကို သိုလှောင်တာဟာ ရေနံယိုစိမ့်မှုကိုလည်း တားဆီးကာကွယ်နိုင်ပါတယ်။

အကြီးဆုံး ရေနံလှောင်သိုက်ကတော့ Freeport က Bryan Mound က ရေနံလှောင်သိုက်ပဲ ဖြစ်ပြီး စည်သန်းပေါင်း ၂၅၄ သန်း ၀င်ဆံ့ပါတယ်။
ရေနံသိုလှောင်မှုဆိုင်ရာ ၀က်ဘ်ဆိုက်ရဲ့ အဆိုအရ စက်တင်ဘာ ၁၃ ရက်က အဲဒီ ရေနံလှောင် မြေအောက် ဆားလှောင်ဂူတွေမှာ သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း ၆၄၄ ဒသမ ၈ သန်း ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၈ ပျမ်းမျှနှုန်းထားတွက်ချက်မှုအရ အမေရိကန်ဟာ တစ်နေ့ကို ရေနံစည်ပေါင်း ၂၀ ဒသမ ၅ သန်း သုံးစွဲနေရတယ်လို့ ဆိုတာကြောင့် နိုင်ငံအနေနဲ့ ရေနံသုံးစွဲမှု ရက်ပေါင်း ၃၁ ရက်စာအတွက် အဆိုပါ လှောင်သိုက်တွေမှာ သိုလှောင်ထားရမှာ ဖြစ်ကြောင်း အမေရိကန် စွမ်းအင်သတင်းအချက်အလက်စီမံခန့်ခွဲရေးရုံးအရ သိရပါတယ်။

သမ္မတ ဂါရတ်ဖို့ဒ် လက်မှတ်ထိုး အတည်ပြုထားတဲ့ ၁၉၇၅ ဥပဒေအရ စွမ်းအင်ထောက်ပံ့မှု အမျှင်ပြတ်ရင် သိုလှောင်ရေနံတွေကို ထုတ်ယူသုံးစွဲခွင့်ကို သမ္မတတစ်ဦးတည်းကပဲ အမိန့်ပေးဆောင်ရွက်ခွင့် ရှိတာ ဖြစ်ပါတယ်။

တကယ်လို့ သိုလှောင်ရေနံတွေ ထုတ်ယူသုံးစွဲဖို့ သမ္မတက အမိန့်ပေးလိုက်ပြီဆိုရင် မြေအောက်ဆားလိုဏ်ဂူတွေက ရေနံကို ထုတ်ယူဖို့ရာမှာ ရူပဒြပ်စင်ကန့်သတ်ချက်တွေအရ တစ်နေ့ကို ရေနံပမာဏာ အနည်းငယ်စီကိုသာ ထုတ်ယူနိုင်တာမို့ စျေးကွက်ထဲ ရောက်ဖို့ဆို သီတင်းနှစ်ပတ်လောက် ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒါအပြင်လည်း ဒီ သိုလှောင်ရေနံအားလုံးဟာ မချက်ရသေးတဲ့ ရေနံစိမ်းတွေပဲ ဖြစ်ပါတယ်။ ဒီအတွက် ကားတွေ၊ သင်္ဘောတွေ၊ လေယာဉ်တွေအတွက် သုံးနိုင်ဖို့အတွက်ဆိုရင် လောင်စာဆီဖြစ်ဖို့ ချက်လုပ်ရဦးမှာ ဖြစ်ပါတယ်။

ဆော်ဒီက တိုက်ခိုက်မှုတွေကြောင့် သိုလှောင်ရေနံတွေကို ထုတ်သုံးတော့ဖို့ ပြောကြဆိုကြမယ်ဆိုတာကတော့ အချိန်မတိုင်သေးပါဘူးလို့ အမေရိကန် စွမ်းအင်ဝန်ကြီး ရစ်ပါရီက CNBC သတင်းဌာနကို ပြောပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ သိုလှောင်ရေနံတွေကို နောက်ဆုံး ထုတ်သုံးထားတာဟာ ၂၀၁၁ ခုနှစ်အတွင်းကပါ။ အဲဒီအချိန်က အာရပ်နွေးဦး ပေါ်ပေါက်တာကြောင့် နိုင်ငံတကာစွမ်းအင်အေဂျင်စီ IEA အဖွဲ့ဝင်နိုင်ငံတွေဟာ စွမ်းအင်အမျှင်ပြတ်မှု လျော့နည်းကျဆင်းအောင် စုစုပေါင်း ရေနံစည်ပေါင်း သန်း ၆၀ ကို သိုလှောင်ထားရာကနေ စျေးကွက်တင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အချိန်ကာလပိုင်းလေးအတွင်းမှာပဲ အမေရိကန်က စည်အရေအတွက် အများအပြား ရောင်းကုန်ခဲ့တာပါ။ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲကာလတုန်းကလည်း သမ္မတ ဂျော့ချ်အိတ်ချ်ဒဗလျူဘုရှ်ဟာ လှောင်သိုက်တွေထဲက ရေနံကို ထုတ်သုံးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

သူ့လိုပဲ ၎င်းရဲ့ သား ဘုရှ်အငယ်ကလည်း ဟာရီကိန်းမုန်တိုင်း ကက်တရီနာကြောင့် သိုလှောင်ရေနံစည်ပေါင်း ၁၁ သန်းကို ထုတ်ရောင်းခွင့် ပြုခဲ့ပါတယ်။

ဒါပေမယ့် ခုလို အကြီစားရေနံလှောင်ထားမှုတွေဟာ အမေရိကန်မှာ စွမ်းအင်ထုတ်လုပ်မှုတွေ ဖွံ့ဖြိုးလာချိန် အသုံးမဝင်ဘဲ ဖြစ်ရမယ်ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်နေပါတယ်။ တစ်ချို့သော ပညာရှင်တွေက အဲဒီ ရေနံလှောင်သိုက်တွေကို လုံးလုံး ဖယ်ရှားရှင်းလင်းပစ်ဖို့တောင် အကြံပြုနေပါပြီ။

Rf; BBC
Writer_မောင်သံဆင့် ( YGN Times )