ချစ်ခင်ရသူတစ်ယောက်ကို ဆုံးရှုံးရတာဟာ ဘဝမှာ အကြေကွဲရဆုံးအတွေ့အကြုံတစ်ခု ဖြစ်နိုင်ပါတယ်။ အဲဒီသောကကိုလည်း လူတွေက သူ့နည်းသူဟန်နဲ့ တစ်ဘာသာစီ ကိုင်တွယ်ကြတာပဲ ဖြစ်ပါတယ်။ မိတ်ဆွေတွေ မိသားစုဝင်တွေ မမျှော်လင့်ဘဲ ရုတ်တရက်ကွယ်လွန်သွားကြတဲ့အခါ နှုတ်ဆက်စကားလေးတောင် ပြောခွင့်မရလိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါသည်ပင်လျှင် ဂျပန်လို ကာဇီနို ဒင်ဝါ၊ မြန်မာလိုတော့ လေလှိုင်းဖုန်းရယ်လို့ အဓိပ္ပာယ်ရတဲ့ ဖုန်းရုံကလေးရဲ့ စိတ်ကူးစိတ်သန်းလို့ ပြောရမှာပါ။

အော့ဆူချီမြို့ငယ်ကလေးက တောင်ကုန်းငယ်လေးတစ်ခုပေါ်မှာ အဖြူရောင်ဖုန်းရုံကလေးရှိနေပြီး အီတာရု ဆာဆာကီဆိုသူက အဲဒီဖုန်းရုံကလေးထဲမှာ ဘာနဲ့မှ ချိတ်ဆက်မထားတဲ့ အနက်ရောင်ဖုန်းကလေးတစ်လုံး ထားထားပေးပါတယ်။ အတော်များများကတော့ အဲဒီနေရာကလေးကို သူတို့ရဲ့ ဆုံးရှုံးမှုနဲ့ သောကကို ဖြေဖျောက်ဖို့အတွက် ဘူမိနတ်သန် နေရာမှန်လေးတစ်ခုလို့ ယူဆနေကြပါတယ်။

၇၂နှစ်အရွယ် အမျိုးသားကြီးရဲ့ ပြောကြားချက်အရ သူဟာ ဒီစီမံကိန်းကို ၂၀၁၀ခုနှစ်လောက်ကတည်းက အကောင်အထည်ဖော်နေခဲ့တာဖြစ်ပြီး ရင်နင့်ဖွယ်ရာ လူ့အသက်ပေါင်း ထောင်ပေါင်းများစွာကို နှုတ်ယူသွားခဲ့တဲ့ အဖျက်စွမ်းအားကြီး ၂၀၁၁ ငလျင်နဲ့ ဆူနာမီကြီးပြီးသွားတော့မှပဲ အဆုံးသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကံမကောင်းအကြောင်းမလှစွာပဲ အဲဒီငလျင်ကြီးမှာ ဆာဆာကီရဲ့ ဝမ်းကွဲတစ်ယောက်လည်း သေဆုံးခဲ့ရပါတယ်။
NHKနဲ့ အင်တာဗျူးမှာတော့ ပန်းဥယျာဉ်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ ဆာဆာကီက အခုလို ပြောခဲ့ပါတယ်။

“ကျနော့အတွေးတွေကို ပုံမှန်ဖုန်းလိုင်းနဲ့ မလွှင့်နိုင်ဘူး။ အဲဒီ့အတွေးတွေကို လေလှိုင်းတွေက သယ်ဆောင်သွားစေချင်တယ်”

မီဒီယာတွေက ဒီလေလှိုင်းဖုန်းအကြောင်း သတင်းတွေ ရေးလာကြတဲ့အခါမှာတော့ လူထောင်ပေါင်းများစွာဟာ ကွယ်လွန်သွားတဲ့ ချစ်ခင်ရသူတွေနဲ့ စကားပြောဖို့အတွက် ဖုန်းရုံကလေးဆီကို အုပ်လိုက် အုပ်လိုက် ရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။

ဖုန်းကလေးရဲ့ ဘေးမှာ လူတွေ တစ်ခုခုရေးထားခဲ့ဖို့ မှတ်စုစာအုပ်ကလေးလည်း ချထားပေးတယ်လို့ ဆိုပါတယ်။ ကပ်ဘေးမှာ ချစ်ခင်ရသူတွေ ဆုံးရှုံးခဲ့ရသူတွေအပြင် လူတန်းစားမျိုးစုံက ဧည့်သည်တွေ ဝင်လာမဆဲ တသဲသဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ဆာဆာကီက အခုလိုလည်း ပြောပြထားပါတယ်။

“တယ်လီဖုန်းကို ဘာနဲ့မှ ချိတ်ဆက်မထားပါဘူး။ ဒါပေမယ့်လည်း လူတွေအနေနဲ့ ဆုံးရှုံးခဲ့ရတဲ့ ချစ်ခင်သူတွေဟာ တစ်ဖက်မှာ နားထောင်နေသလို ခံစားရပါတယ်။ လူတွေ သူတို့ရဲ့ ခံစားမှုတွေကို ဖြေဖျောက်ပြီး အမြန်ဆုံး ဘဝသစ်ကို ပြန်စစေချင်ပါတယ်”

Writer_ နေဇင်ထွန်း ( YGN Times )
Source : Elite Readers