တရုတ်က ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက နိုင်ငံရဲ့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို စက်တင်ဘာလအတွင်းမှာ သုံးနိုင်ဖို့ အဆင်သင့်ဖြစ်မယ်လို့ အတည်ပြုပြောပါတယ်။လူသေဆုံးစေနိုင်သော COVID-19 ရောဂါအတွက် ထိရောက်အောင်မြင်တဲ့ ဆေးဝါးကို စက်တင်ဘာဆိုလျှင် ရရှိမယ်လို့ နိုင်ငံအနေနဲ့ မျှော်လင့်ထားပြီးဖြစ်တယ်လို့ ရောဂါတားဆီးရေးနှင့် ထိန်းချုပ်ရေးစင်တာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဂေါင်ဖူက ပြောတာ ဖြစ်ပါတယ်။

အဲဒီ ကာကွယ်ဆေးကို ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု လှိုင်းသစ် ဖြစ်တဲ့အချိန် အရေးပေါ်အခြေအနေမှာ အသုံးပြုလိမ့်မှာဖြစ်တယ်လို့ ကျန်းမာရေးအကြီးအကဲ ဂေါင်ဖူက ပြောပါတယ်။

“ကာကွယ်ဆေးနဲ့ ကုသဆေး ထုတ်လုပ်နိုင်ဖို့အတွက် အမြဲတမ်း အချိန်ယူရပါတယ်။”လို့ ၎င်းက ကြာသပတေးနေ့မှာ နိုင်ငံပိုင် CGTN ရုပ်သံကနေ ပြောခဲ့တာ ဖြစ်ပါတယ်။
“ကာကွယ်ဆေးကို ကျန်းမာတဲ့ သူတွေကို သုံးစေမှာ ဖြစ်တယ်။ ဒီအတွက် အဲဒီ ကာကွယ်ဆေးကနေ ထိထိရောက်ရောက် ဘေးကင်းမှု ရှိလာမယ်လို့ ယုံကြည်ထားနိုင်မှာ ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။

ကူးစက်ရောဂါကပ်ဘေးအတွက် တစ်ကမ္ဘာလုံးက ကာကွယ်ဆေးကို ကြိုးစားပမ်းစား ရှာနေကြရာမှာ တရုတ်နိုင်ငံက ဦးဆောင်လျက် ရှိတယ်လို့ ရောဂါပိုးမွှားပညာရှင်ဖြစ်တဲ့ ၎င်းက ဆိုပါတယ်။

“စက်တင်ဘာလမှာ ကာကွယ်ဆေး ထွက်ပေါ်လာတော့မှာပါ။ အရေးပေါ် အခြေအနေမှာ သုံးဖို့ ကျွန်တော်တို့မှာ ကာကွယ်ဆေး ရှိလာလိမ့်မယ်။ ဥပမာအနေနဲ့ ကူးစက်ဖြစ်ပွားမှု အရေးပေါ် ထပ်ဖြစ်လာတဲ့ အခြေအနေမျိုးမှာပေါ့။”လို့ ၎င်းက ပြောပါတယ်။

သုတေသနစမ်းသပ်မှု ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့်မှာ ရောက်နေနိုင်တဲ့ ဒီ အရေးပေါ်ကာကွယ်ဆေးကို အများသူငါ အသုံးမပြုနိုင်ခင် ဆေးဝန်ထမ်းတွေကို ဦးဆုံး အသုံးပြုစေမှာ ဖြစ်တယ်လို့လည်း ဂေါင်ဖူက ပြောပါတယ်။

“ကျွန်တော် အမြင်အရ လာမယ့် နှစ်စလောက်မှာတော့ ကျန်းမာတဲ့ လူတွေမှာ ကာကွယ်ဆေး ထိုးပေးနိုင်လောက်ပြီလို့ ထင်ပါတယ်။”လို့ ထပ်လောင်းပြောပါတယ်။

ကမ္ဘာတစ်လွှားမှာ လူပေါင်း ၁၈ သန်းနီးပါး ကူးစက်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ကုသနိုင်ရေး ကုမ္ပဏီတွေနဲ့ သုတေသနပညာရှင်တွေ အလုအယက် ကြိုးပမ်းနေစဉ်မှာပဲ တရုတ်နိုင်ငံက ခုလို စက်တင်ဘာမှာ ကာကွယ်ဆေး အသုံးပြုနိုင်မယ်ဆိုပြီး ကြေညာလာတာလည်း ဖြစ်ပါတယ်။

Rf; Daily Mail
Writer_ မောင်သံဆင့် ( YGN Times )