အလုပ်ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ဟာ ဖြစ်နိုင်ဖွယ်မရှိတာကို သိပ္ပံပညာရှင်တွေ စိုးရိမ်ပူပန်နေရပြီဖြစ်ပြီး ကမ္ဘာဟာ COVID-19 ထာဝရခြိမ်းခြောက်မှုနဲ့ လိုက်လျောညီထွေဖြစ်အောင်သာ နေထိုင်သွားရဖွယ်ရှိတယ်လို့လည်း ယူဆလာလျက် ရှိပါတယ်။

စိုးရိမ်စရာကောင်းတဲ့ သက်သေအချက်အလက်တွေအရ ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းကို စေ့ဆော်ပေးဖို့ ဖြစ်နိုင်ဖွယ် မရှိတာကို တွေ့ရတယ်လို့ ဗြိတိန်က လွှတ်တော်ရေးရာကော်မတီမှာ ဆေးဖက်ဆိုင်ရာ တာဝန်ခံချုပ် ခရစ္စတိုဖာဝှစ်တီက ပြောပါတယ်။

“ကျွန်တော်တို့ မသိတဲ့ ပထမ မေးခွန်းကတော့ COVID-19 ရောဂါ အချိန်ကြာ ဖြစ်နေသူဟာ သဘာဝအလျောက် ခုခံနိုင်စွမ်း ရှိသွားမလားဆိုတာပါပဲ။”လို့ ဝှစ်တီက ပြောပါတယ်။
“အခု ကျွန်တော်တို့ မလုပ်နိုင်ဘူးဆိုရင် နောက်မှာလည်း ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ မဖြစ်နိုင်ဘူး။ အဲဒါထက် သဘာဝအလျောက် ခုခံအားကမှ ဖြစ်နိုင်ခြေနည်းနည်း ပိုရှိပေမယ့် ဒါကိုလည်း ကျွန်တော်တို့ သေချာ သိနိုင်တာ မဟုတ်ဘူး။”လို့ ၎င်းက ပြောပါတယ်။

အရင်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားဖူးတွေ ထပ်မံကူးစက်တဲ့ သက်သေအနည်းအကျဉ်းလည်း ရှိနေတယ်လို့ ၎င်းက ပြောပါတယ်။“ဒီအတွက်တော့ နည်းနည်း စိုးရိမ်စရာ ဖြစ်ရတာပေါ့။”လို့ ဝှစ်တီက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြားလက္ခဏာမှာ ဗိုင်းရပ်စ်အား ခုခံစွမ်းကို လျင်လျင်မြန်မြန် ဆုတ်ယုတ်ကျဆင်းစေတာပဲ ဖြစ်တယ်လို့ ကော်မတီကို ဝှစ်တီက ပြောပါတယ်။“ကာကွယ်ဆေး လက်ဝယ်ပိုင်ပိုင် ရောက်လာလိမ့်မယ်ဆိုပြီး ကံသေကံမ မပြောနိုင်တာကို ကမ္ဘာကြီးအနေနဲ့ သတိထားဖို့ လိုပါတယ်။ ဝက်သက်လိုမျိုးပေါ့၊ တစ်ချိန်က ဖြစ်ပွားခဲ့ပြီး ကာကွယ်ခဲ့ရတယ်။”လို့ ၎င်းက ဆိုပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမှာတော့ ကျွန်တော်တို့ အာမမခံနိုင်ပါဘူး။ ကူးစက်ရောဂါ အားလုံးအတွက် ကာကွယ်ဆေးတွေ ရှာကြပါတယ်။ အားလုံးကို ဖော်စပ်နိုင်ခဲ့တာလည်း မဟုတ်ပါဘူး။”လို့ ဝှစ်တီက ပြောခဲ့ပါတယ်။

Rf; Business Insider
Writer_ မောင်သံဆင့် ( YGN Times )