ကိုရိုနာဗိုင်းရပ်စ်ဟာ လူထူထပ်တဲ့နေရာ (သို့မဟုတ်) အခန်းတွေထဲမှာ လေဝင်လေထွက်မရှိတဲ့အခါ လေထဲမှာ ရစ်ဝဲနေပုံရတယ်လို့ သုတေသီတွေက တွေ့ရှိလိုက်လို့ Covid-19ဟာ အေရိုဆော(aerosols)လို့ခေါ်တဲ့ လေဝဲမှုန်တွေကတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ အယူအဆကို ပိုပြီး ခိုင်မာသွားစေခဲ့ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က ဆေးရုံနှစ်ရုံမှာတော့ ဆေးရုံအိမ်သာတွေ၊ လူအုပ်လိုက်နေရာပေးထားတဲ့ အတွင်းပိုင်းနေရာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အကာအကွယ်တွေ ချွတ်တဲ့ အခန်းတွေထဲက လေထုထဲမှာ ဗိုင်းရပ်စ်မျိုးဗီဇပစ္စည်းတွေ ပေါလောမျောနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း တနင်္လာနေ့က ဂျာနယ်တစ်စောင်မှာ ဖော်ပြလာခဲ့တဲ့ ဒီသုတေသနက လေဝဲမှုန်တွေက ကူးစက်မှုကို ဖြစ်စေနိုင်တဲ့အယူအဆကို ထူထောင်ဖို့ ကြိုးစားတာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီဗိုင်းရပ်စ်ဟာ လေထဲကတစ်ဆင့် ကူးစက်ပျံ့ပွားနိုင်သလားဆိုတာကိုတော့ ဆွေးနွေးငြင်းခုန်နေကြတုန်းပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ တရုတ်နိုင်ငံက ကူးစက်မှုပေါင်း ၇၅၀၀၀ကျော်လောက်ကို လေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ လေထဲကတစ်ဆင့် ကူးစက်ခံရတဲ့ ဖြစ်ရပ်မျိုး မရှိတဲ့အတွက် လေထဲက ကူးစက်နိုင်တဲ့အန္တရာယ်ဟာ တချို့သောအခြေအနေတွေမှာပဲ ဖြစ်နိုင်တယ်လို့ ပြောကြားထားခဲ့ပါတယ်။

နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ဗိုင်းရပ်စ်က ကမ္ဘာပတ်နေပြီး လူ ၁၈ သန်းနီးပါး ကူးစက်ခံနေရပြီဖြစ်လို့ သိပ္ပံပညာရှင်တွေဟာ ဘယ်ပုံ ကူးစက်မှုဖြစ်ပွားနိုင်သလဲဆိုတာကို အတိအကျနားလည်ဖို့ ကြိုးစားနေကြတုန်းပါဘဲ။

လူတွေ အသက်ရှူ၊ ချောင်းဆိုး စကားပြောတဲ့အခါ အမှုန်နှစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ကြီးတဲ့အမှုန်တွေက မြေကြီးပေါ်ကျသွားပြီး အငွေ့ပျံပါတယ်။ အမှုန်တွေကျသွားတဲ့ အရာဝတ္ထုကတစ်ဆင့် ကူးစက်မှုကို ဖြစ်ပွားစေတာပဲ ဖြစ်ပါတယ်။ သေးငယ်တဲ့ အမှုန်တွေကတော့ လေဝဲမှုန်တွေပဲဖြစ်ပြီး လေထဲမှာ နာရီပေါင်းများစွာကြာအောင် ရစ်ဝဲတွဲဆိုင်းနေတတ်ကြပါတယ်။

ဝူဟန်တက္ကသိုလ်က ကီလန်းဦးဆောင်တဲ့ သုတေသီတွေကတော့ ကူးစက်ရောဂါရဲ့ ကနဦးအဆင့် ဖြစ်ပွားရာနေရာတွေဖြစ်တဲ့ မြို့ထဲက ဆေးရုံနှစ်ရုံ အတွင်းနဲ့ အနီးတဝိုက်မှာ လေမှုန်ထောင်ချောက်တွေကို ဆင်ထားကြတယ်လို့ ဆိုပါတယ်။

လူနာဆောင်တွေ၊ စူပါမားကတ်တွေနဲ့ လူနေအဆောက်အဦးတွေထဲမှာ လေမှုန်တချို့ကို တွေ့ရတယ်လို့ ဆိုပါတယာ်။ ဆေးရုံတွေကအနားက အတွင်းပိုင်းနေရာတွေအပါအဝင် အိမ်သာတွေနဲ့ အသွားအလာထူထပ်တဲ့ နေရာတွေမှာလည်း လေမှုန်တွေကို ပိုပြီးတွေ့ရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ အကာအကွယ်ဝတ်စုံတွေ ချွတ်တဲ့အခန်းတွေထဲမှာတော့ လေမှုတွေကို ပိုသိပ်သည်းပုံရပြီး နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ ဝတ်စုံတွေ ချွတ်လိုက်တဲ့အခါမှာ အဲဒီပစ္စည်းတွေမှာ ကပ်ငြိနေတဲ့ အမှုန်တွေက လေမှုန်တွေဖြစ်လာတဲ့သဘောလို့ ဆိုပါတယ်။

ဒီတွေ့ရှိချက်က လေဝင်လေထွက်ကောင်းဖို့၊ လူနေမထူထပ်လွန်းဖို့နဲ့ စနစ်တကျ သန့်ရှင်းဖို့ အရေးကြီးပုံကို မီးမောင်းထိုးပြတာဖြစ်တယ်လို့ သုတေသီတွေက ပြောကြားပါတယ်။

Writer_ နေဇင်ထွန်း ( YGN Times )
Source : Bloomberg