ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှာမှာ တရုတ်နိုင်ငံဟာ ရန်လိုမှုတွေနဲ့ တိုးမြင့်ရင်ဆိုင်နေရတာကြောင့် အမေရိကန်နဲ့ ထိပ်တိုက်တွေ့လာနိုင်တယ်လို့ အတွင်းစည်း အစီရင်ခံစာတစ်ရပ်မှာ သတိပေးထားကြောင်း နီးစပ်တဲ့ လူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ကမ္ဘာလုံးဆိုင်ရာ တရုတ်ဆန့်ကျင်ရေး သဘောထားတွေဟာ ၁၉၈၉ တျန်အန်မင်ရင်ပြင်ဖြိုခွင်းမှုအပြီး အမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက သမ္မတ ရှီကျင့်ဖျင်အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေဆီ တင်ပြတဲ့ အဲဒီ အစီရင်ခံစာမှာ ကောက်ချက်ချထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရလဒ်အနေနဲ့ တရုတ်နိုင်ငံဟာ ကပ်ဘေးနောက်ဆက်တွဲ အမေရိကန် ဦးဆောင်တဲ့ တရုတ်ဆန့်ကျင်ရေးသဘောထားတွေနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားမှာ လက်နက်ချင်း ထိပ်တိုက်တွေ့မှု အဆိုးဆုံး အနာဂတ်ဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားဖို့ လိုတယ်လို့လည်း အစီရင်ခံစာပါ အကြောင်းအရာတွေနဲ့ နီးစပ်တဲ့ သူတွေက ထိလွယ်ရှလွယ်ကိစ္စရပ်မို့ အမည်မဖော်ဘဲ ပြောပါတယ်။

အဲဒီ အစီရင်ခံစာကို တရုတ် ထိပ်တန်းထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန လက်အောက်ခံ ပညာရှင်အဖွဲ့ တရုတ် မျက်မှောက်နိုင်ငံတကာဆက်ဆံရေးအဖွဲ့ CICIR က ရေးသားတာ ဖြစ်ပါတယ်။

ရိုက်တာအနေနဲ့ အစီရင်ခံစာကို မမြင်ခဲ့ရပေမယ့် ဒီ အစီရင်ခံစာ အကြောင်းအရာကို တိုက်ရိုက်သိရှိသူတွေကို ကိုးကားဖော်ပြတာလို့ ဆိုပါတယ်။

ဒီ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရိုက်တာက ဆက်သွယ်မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူရုံးက “ကျွန်တော် ဒါမျိုးသတင်း မကြားသိပါ။”လို့ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။

တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနကိုလည်း မှတ်ချက်ပေးဖို့ ဆက်သွယ်မရသေးပါ။
နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနအတွင်းမှာ ၁၉၈၀ တိုင်အောင် ဩဇာညောင်းတဲ့ ပညာရှင်အဖွဲ့ဖြစ်တဲ့ CICIR ဟာ နိုင်ငံခြားရေးနဲ့ လုံခြုံရေးပေါ်လစီတွေအတွက် တရုတ်အစိုးရကို အကြံပေးနေတဲ့ အဖွဲ့ဖြစ်ပြီး မှတ်ချက်ပြု ထင်မြင်ချက်ပေးဖို့ တောင်းဆိုတာကို တုံ့ပြန်ခဲ့တာ မရှိပါ။

Rf; Global News
မောင်သံဆင့် ( YGN Times )