မြန်မာနဲ့ ဖိလစ်ပိုင်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ အထူးသဖြင့် စိုးရိမ်စရာ ရှိနေကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကို အကြမ်းဖျင်း အစီရင်ခံချက်မှာ ခုလို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

“မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်နဲ့ အရှေ့တီမောနိုင်ငံတွေ အပါအဝင်ဖြစ်တဲ့ ဒီ ဒေသက နိုင်ငံတွေရဲ့ တစ်ဝက်ကျော်ဟာ ကျန်းမာရေးစနစ် အားနည်းတာကြောင့် ပိုပြီး ပျော့ကွက်အားနည်းချက် ရှိနေတယ်။”လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒီ အကဲဖြတ်မှာ ပါဝင်တဲ့ နိုင်ငံ ၁၁ နိုင်ငံကြားမှာ မြန်မာနဲ့ ဖိလစ်ပိုင်ဟာ အထူးသဖြင့် စိုးရိမ်စရာ ကောင်းတယ်။ ဒီ နှစ်နိုင်ငံဟာ အရင်ကတည်းက လူသားချင်းစာနာထောက်ထားရေး ဝန်ပိနေတာ ဖြစ်တယ်။ ဒါကြောင့်ပဲ မကြာသေးခင်က ဖော်ဆောင်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လူသားချင်း စာနာထောက်ထားရေး စီမံကိန်းမှာ ပူးပေါင်းပါဝင်ထားတာ ဖြစ်တယ်။”လို့ အဆိုပါ အစီရင်ခံစာက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အခု အစီရင်စာဟာ ဆရာ၊ သူနာပြုနဲ့ ဝမ်းဆွဲဆရာမ ဦးရေ၊ ၂၀၁၀ မှ ၂၀၁၈ ကြား လူ တစ်သောင်းမှာ ဆေးရုံကုတင် ဘယ်လောက် ရှိသည့် နှုန်း အရေအတွက်နဲ့ ၂၀၁၆ က ကျန်းမာရေး အသုံးစရိတ် စတာတွေအပေါ်မှာ အကဲဖြတ်တဲ့ ညွှန်းကိန်း လေးခုနဲ့ ဆန်းစစ်ထားပဲ ဖြစ်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ကမ္ဘာ အနိမ့်ဆုံးအဆင့်ကြား ဆက်တိုက်ရှိနေခဲ့တဲ့ မြန်မာနိုင်ငံမှာ လူ တစ်သောင်းကို ဆေးရုံကုတင် ကိုးခုနှုန်းသာ ရှိပြီး ဖိလစ်ပိုင်က ဆယ်ကုတင်နှုန်း ရှိတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးမှာတော့ မြန်မာနိုင်ငံဟာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၃၅၃ ဦး ရှိပြီး သေဆုံးသူ ခြောက်ဦးသာ ရှိပါတယ်။

Rf; Rappler
Writer_ မောင်သံဆင့် ( YGN Times )