ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေးနဲ့ နျူကလီးယား စက်ရုံတည်ဆောက်ရေးတို့ကို အမေရိကန် ရပ်တန့်ဖို့ တောင်းဆိုနေတာကို အီရန်အနေနဲ့ လိုက်လျောလိမ့်မှာ မဟုတ်ဘူးလို့ ဘာသာရေးဥသျှောင် အလီခါမေနီက ပြောပါတယ်။အီရန်ဟာ အမေရိကန်ရဲ့ အနိုင်ကျင့်မှုကို ရင်ဆိုင်နိုင်စွမ်းရှိတယ်လို့လည်း သူက ဆိုပါတယ်။အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ အီရန်ရဲ့ စီးပွားရေးကို ဖျက်ဆီးဖို့နဲ့ ဒေသတွင်း ဩဇာလွမ်းမိုးမှုကို လျှော့ချပစ်ဖို့ ဖြစ်ပေမယ့် ဒါဟာ အီရန်ကို ပိုပြီး ကြံ့ကြံ့ခိုင်နိုင်စွမ်း ရှိလာစေတယ်လို့ အိဒ်နေ့ အထိမ်းအမှတ် ရုပ်သံကနေ မိန့်ခွန်းပြောရာမှာ ခါမေနီက ပြောပါတယ်။

“ဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အီရန်နိုင်ငံအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်။ အီရန်ရဲ့ အုပ်ချုပ်ရေးကို ပစ်မှတ်ထားပုံ ရပေမယ့် တစ်နိုင်ငံလုံးကို ထိခိုက်စေတာ ဖြစ်တယ်။”လို့ သူက ပြောပါတယ်။အမေရိကန်က ဘယ်လိုပဲ ကြိုးစားကြိုးစား အီရန်ဟာ ကိုယ့်ရဲ့ ကာကွယ်ရေးအတွက် ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်မှုနဲ့ နျူကလီးယားစက်ရုံတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ ခါမေနီက ပြောပါတယ်။ အီရန်အနေနဲ့ တတ်သမျှ ခုခံသွားမယ်လို့လည်း သူက သတိပေးပါတယ်။

“အမျိုးသား စွမ်းဆောင်ရည်နဲ့ ရေနံအပေါ် မှီခိုနေရတာကို လျှော့ချပြီး အမေရိကန်ရဲ့ ဖိအားကို တွန်းလှန်သွားကြရမှာ ဖြစ်တယ်။”လို့ ၎င်းက ဆိုပါတယ်။အမေရိကန်ဟာ အီရန်အပေါ် ဖိအားတွေ ဆက်တိုက်ပေးလျက် ရှိနေပြီး ပုံမှန် နိုင်ငံမျိုးဖြစ်ဖို့ လိုအပ်ရင် အင်အားသုံးသွားမယ်လို့ပါ ပြောဆိုထားတာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ အရင် သမ္မတဟောင်း အိုဘားမားရဲ့ ပေါ်လစီတွေကို ပြောင်းပြန်လှန်ပြီး အီရန်အပေါ် ဆက်ဆံလာခဲ့တာပါ။ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်ဟာ နုတ်ထွက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ကျင့်သုံးလာတာကြောင့် နှစ်နိုင်ငံ တင်းမာမှု ဒီရေ မြင့်တက်နေခဲ့တာလည်း ဖြစ်ပါတယ်။

Rf; RT
Writer_ မောင်သံဆင့် ( YGN Times )