ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးစော်ကားမှုနဲ့ တရားစွဲခံရတဲ့ အမေရိကန်နိုင်ငံသားဟာ တရားရုံးကြားနာနေချိန်မှာပဲ ပစ်သတ်ခံရပါတယ်။အရှေ့မြောက်ပိုင်း ပတ်ရှဝါမြို့မှာ ဗုဒ္ဓဟူးနေ့က အသက် ၄၇ နှစ်အရွယ် တာဟားအာမတ်နာဆမ်းက ပစ်သတ်ခံရတာ ဖြစ်ပါတယ်။အဲဒီအချိန်က တရားရုံးအတွင်း လူတစ်ဦး ဝင်ရောက်လာပြီး တရားသူကြီး ရှေ့မှာတင် နာဆမ်းကို ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပစ်သတ်သူကို ရဲက ဖမ်းထားပြီ ဖြစ်ပါတယ်။

နာဆမ်းက သူဟာ တမန်တော်တစ်ဦးဖြစ်တယ်ဆိုပြီး ပြောဆိုတာအတွက် ဘာသာရေးစော်ကားမှုနဲ့ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။ ပါကစ္စတန်မှာ ဒီ ပြစ်မှုဟာ သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချနိုင်တဲ့ ရာဇဝတ်မှုအဖြစ် ပြဌာန်းထားတာ ဖြစ်ပါတယ်။နာဆမ်း အသတ်ခံရတာနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးက “တုန်လှုပ်ဖွယ်၊ ဝမ်းနည်းဖွယ်၊ စိတ်ဆိုးဒေါသဖြစ်ဖွယ် ကောင်းကြောင်း” ထုတ်ပြန်ပါတယ်။

နာဆမ်းဟာ သူ့ အိမ်ရှိရာ အီလီနွိုက်ကနေ ပါကစ္စတန်ကို လာဖို့ သွေးဆောင်ဖြားယောင်း ခံရတာ ဖြစ်ပြီး အဲဒီမှာ ပါကစ္စတန် ဘာသာရေးစော်ကားမှု ဥပဒေနဲ့ ထောင်ဖမ်းတော့တာပဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သူကို ဖမ်းဆီးထားချိန် ၂၀၁၈ ကစပြီး ကောင်စစ်ရေးရာ အကူအညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပေမယ့် အသေးစိတ် ဖော်ပြတာ မရှိပါ။

“ပါကစ္စတန်က တရားရုံးအတွင်းမှာ အသတ် ခံရတဲ့ အမေရိကန်နိုင်ငံသား နာဆမ်းရဲ့ မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းရပါတယ်။”လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တောင်နှင့် အလယ် အာရှရေးရာ ဗျူရိုကလည်း သီးခြား ထုတ်ပြန်ခဲ့ပါတယ်။

Rf; CNN
Writer_ မောင်သံဆင့် ( YGN Times )