တရုတ်အစိုးရနဲ့ ချိတ်ဆက်ပတ်သက်မှု ရှိတဲ့ ဟက်ကာတွေဟာ COVID-19 ကာကွယ်ဆေး ထုတ်လုပ်နေသည့် အမေရိကန်အခြေစိုက် Moderna ကုမ္ပဏီဆီက အဖိုးတန် အချက်အလက်တွေကို ခိုးယူဖို့ ကြိုးပမ်းခဲ့တယ်လို့ အမေရိကန် လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်နေရာမှာ ဦးဆောင်နေတဲ့ ဇီဝနည်းပညာကုမ္ပဏီ Moderna Inc ဆီကနေ အဖိုးတန်သော အချက်အလက်တွေကို ခိုးယူဖို့ ဟက်ကာတွေဟာ အခုနှစ်အစမှာ ပစ်မှတ်ထားခဲ့တယ်လို့ တရုတ်ရဲ့ ဟက်ကာလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ အဆိုပါ တာဝန်ရှိသူက ဆိုပါတယ်။

တရုတ်အမျိုသားနှစ်ဦးကို အမေရိကန်နိုင်ငံအပေါ် သူလျှိုလုပ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် တရားရေးဝန်ကြီးဌာနက လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။

COVID-19 ကပ်ဘေး တိုက်ဖျက်ရေး ဆေးသုတေသနတွေ ပါဝင်တဲ့ အရပ်ဖက် အမေရိကန်ပစ်မှတ် သုံးခုအပါအဝင် နိုင်ငံတွင်း သူလျှိုခိုးယူမှုတွေကို အဲဒီ ဟက်ကာတွေက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ မက်ဆာချူးဆက်က ဇီဝနည်းပညာကုမ္ပဏီတစ်ခုရဲ့ ကွန်ပျူတာနက်ဝက်ထဲကို တရုတ်ဟက်ကာတွေက ဇန်နဝါရီလအတွင်းမှာ ဝင်ရောက်ထောက်လှမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။

စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ပြီဆိုပြီး ဇန်နဝါရီလအတွင်း ကြေညာခဲ့တဲ့ မက်ဆာချူးဆက်က Moderna ကုမ္ပဏီက FBI နဲ့ ဆက်သွယ်ထားပြီး ဝန်ကြီးဌာန စွဲချက်မှာ ပါတဲ့ ဟက်ကာအုပ်စုတွေရဲ့ သတင်းအချက်အလက်တွေကို ထောက်လှမ်းတဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို သိရှိထားတယ်လို့ ရိုက်တာသို့ အတည်ပြုပြောပါတယ်။

“ဖြစ်နိုင်တဲ့ ဆိုင်ဘာလုံခြုံရေးခြိမ်းခြောက်မှုတွေကို Moderna ကုမ္ပဏီက အထူး သတိဝိရိယထားနေပါတယ်။ ပြင်ပအထောက်အပံ့လည်း ရယူထားပါတယ်။ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ အဖိုးတန် သတင်းအချက်အလက်တွေကို ကာကွယ်နေပါတယ်။”လို့ ကုမ္ပဏီရဲ့ ပြောခွင့်ရသူ ရေးဂျော်ဒန်က ပြောခဲ့ပါတယ်။

Rf; Reuters
Writer_ မောင်သံဆင့် ( YGN Times )